Myanmar Women’s League 2026-27 ပြိုင်ပွဲ၏ ရာသီဝက်အပြီးတွင် အကောင်းဆုံးပုံစံဖြင့် သွင်းဂိုးများ ရယူထားနိုင်သည့် ထိပ်တန်းဂိုးသွင်းရှင်များစာရင်း

August 13, 2026

Myanmar Women’s League 2026-27 ရာသီဝက်အတွင်း Clean Sheets အများဆုံးရရှိထားသည့် ဂိုးသမားများ

August 14, 2026

Latest News

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်သစ် ခန့်အပ်လွှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပ

August 13, 2026

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်သစ် ခန့်အပ်လွှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် တာဝန်ရှိသူများ၊ နည်းပြချုပ်သစ် Colin Bell (ကောလင်းဘဲလ်)၊ အမျိုးသမီးအသင်း လက်ရွေးစင် ကစားသမားများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

နံနက် ၁၀ နာရီတွင် အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး အခမ်းအနားမှူးက စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား နည်းပြချုပ်သစ်၏ ဘောလုံးဖြတ်သန်းမှု သမိုင်းကြောင်း၊ အတွေ့အကြုံများနှင့် အောင်မြင်မှုမှတ်တမ်းများကို ဖတ်ကြားမိတ်ဆက်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က နည်းပြချုပ်သစ် ခန့်အပ်ရခြင်း၏ ရည်ရွယ်ချက်၊ ရှေ့ဆက်ဆောင်ရွက်မည့် လမ်းကြောင်းများနှင့် မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာချုပ်လက်မှတ်ရေးထိုးပွဲကို ဆက်လက်ကျင်းပရာ အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် နည်းပြချုပ်သစ် Colin Bell တို့သည် (၃)နှစ် သဘောတူစာချုပ်တွင် အပြန်အလှန် တရားဝင် လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရဂျာစီ ပေးအပ်ပွဲနှင့် ဓာတ်ပုံရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲ အစီအစဉ်တွင် တက်ရောက်လာကြသော သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးခွန်းများကို အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် နည်းပြချုပ်သစ် Colin Bell တို့က အသီးသီး ပြန်လည်ဖြေကြားခဲ့ကြသည်။

နည်းပြချုပ် Colin Bell ၏ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်

“ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုပါပဲ၊ မြန်မာကစားသမား အတော်များများကို ကြိုတင်လေ့လာထားပြီး ဖြစ်သလို လူကိုယ်တိုင်ရော ဗီဒီယိုတွေကနေပါ ပွဲအချို့ကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အခု လက်ရှိမှာတော့ ကစားသမားတွေနဲ့ အနီးကပ် ထိတွေ့ပြီး ပိုမိုရင်းနှီးကျွမ်းဝင်အောင် စတင် ဆောင်ရွက်နေပါပြီ။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ လာရောက်ပူးပေါင်းနေတဲ့ ကစားသမား အချို့ကိုလည်း တွေ့ရပါတယ်။ လေ့ကျင့်ရေးစခန်း ဝင်ရောက်တဲ့အခါ ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည် စစ်ဆေးမှုတွေ ပြုလုပ်ပြီး စနစ်တကျ ဆက်လက် ဆောင်ရွက်သွားမှာပါ။ ကစားသမားတွေရဲ့ တက်ကြွမှုနဲ့ မွေးရာပါ ဘောလုံးပါရမီ အရည်အသွေးတွေကို မြင်တွေ့နေရတာကြောင့် သူတို့နဲ့အတူ လက်တွဲလုပ်ကိုင်သွားဖို့ အထူးပဲ မျှော်လင့်နေပါတယ်။

ကျွန်တော့်အနေနဲ့ မြန်မာအသင်းဟာ အာရှအဆင့်မှာ ယှဉ်ပြိုင်နိုင်ရုံတင်မကဘဲ အောင်မြင်မှု ဆုဖလားတွေပါ ဆွတ်ခူးနိုင်တဲ့အထိ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ပါတယ်။ မြန်မာအသင်းရဲ့ အဓိက ပန်းတိုင်ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ တက်လှမ်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့ဖလား မရောက်ဖူးသေးတဲ့ စိန်ခေါ်မှုမျိုးကပဲ ကျွန်တော့်အတွက် အကြီးမားဆုံး တွန်းအား ဖြစ်စေပါတယ်။ ဒါကြောင့်မို့ အားလုံးရဲ့ မျှော်မှန်းချက် ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ ကျွန်တော့်ဘက်က ကြိုးစား ကူညီဆောင်ရွက်ပေးသွားမှာပါ။

ဒီလို ရည်မှန်းချက်မျိုး ရရှိဖို့ ကစားသမား တစ်ယောက်ချင်းစီမှာ စိတ်ဓာတ်ရေးရာ တွန်းအားနဲ့ ကြိုးစားလိုစိတ် အမြင့်မားဆုံး ရှိနေရပါမယ်။ နည်းပြတစ်ယောက်အနေနဲ့ အသင်းအတွက် လိုအပ်တဲ့ အပြောင်းအလဲနဲ့ တိုးတက်မှုတွေကို ဖန်တီးပေးနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါတယ်။ ကျွန်တော့်ရဲ့ အဓိက ရည်မှန်းချက်ကတော့ ကစားသမားတွေ၊ မြန်မာနိုင်ငံနဲ့ ဘောလုံးအဖွဲ့ချုပ်ရဲ့ အိမ်မက် ပန်းတိုင်ကို အတူတကွ အကောင်အထည်ဖော် ပေးသွားဖို့ပဲ ဖြစ်ပါတယ်။”

Colin Bell ၏ ကိုယ်ရေးအချက်အလက်နှင့် အဓိက အောင်မြင်မှုများ

အမည်အပြည့်အစုံ: Colin Bell

မွေးသက္ကရာဇ်: ၅ ဩဂုတ် ၁၉၆၁ (အသက် ၆၅ နှစ်)

မွေးဖွားရာဇာတိ: Leicester, England

ကစားခဲ့သည့်နေရာ: ခံစစ်ကစားသမား (Defender)

အရည်အချင်းအထောက်အထားများနှင့် ပညာအရည်အချင်း

UEFA Pro Licence ရရှိထားသူ (၁၉၉၀ ပြည့်နှစ်မှစတင်၍)

Diploma in Physical Education & Coaching Science (Cologne College of Physical Education / Deutsche Sporthochschule Köln – 1990)

နိုင်ငံတကာနှင့် ကလပ်အသင်း အောင်မြင်မှုများ

UEFA Women’s Champions League ချန်ပီယံ (၂၀၁၅ – 1.FFC Frankfurt)

AFC Women’s Asian Cup ဒုတိယဆု (၂၀၂၂ – တောင်ကိုရီးယား အမျိုးသမီး လက်ရွေးစင်အသင်း)

FIFA Women’s World Cup ခြေစစ်ပွဲ အောင်မြင်ခြင်း (၂၀၂၃ – တောင်ကိုရီးယား အမျိုးသမီး လက်ရွေးစင်အသင်း)

တာဝန်ယူခဲ့သည့် အဓိကအသင်းများ

တရုတ် U20 အမျိုးသမီးအသင်း

တောင်ကိုရီးယား အမျိုးသမီး လက်ရွေးစင်အသင်း

အိုင်ယာလန် အမျိုးသမီး လက်ရွေးစင်အသင်း

FFC Frankfurt, Avaldsnes IL, 1. FSV Mainz 05 U23

Related News