မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ် Colin Bell သည် အာရှအားကစားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲ၌ ၎င်း၏ ရင်ခုန်ခံစားချက်များနှင့် ပွဲအတွက် ပြင်ဆင်ထားရှိမှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။
အတိတ်က အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်ရမှု
တောင်ကိုရီးယားအမျိုးသမီးအသင်းကို ၅ နှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့ဖူးသည့် နည်းပြချုပ် Colin Bell က အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်ရသည့် အခြေအနေနှင့် ပတ်သက်၍ –
“တောင်ကိုရီးယား လက်ရွေးစင်အသင်းမှာ ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ဒီကစားသမားတွေဟာ ကျွန်တော့်အတွက် အမြဲတမ်း အထူးခြားဆုံးအဖြစ် ရှိနေဆဲပါ။ ဆက်သွယ်မှုလည်း ဘယ်တော့မှ မပြတ်ခဲ့ပါဘူး။ သူတို့ စာပို့ရင် ကျွန်တော်လည်း ပြန်ပို့ပါတယ်။ ဒါကြောင့် အခု မြန်မာလက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ခွင့်ရလို့ ဂုဏ်ယူနေရတဲ့အချိန်မှာ မကြာသေးမီကမှ ကိုယ်တာဝန်ယူခဲ့တဲ့ အသင်းနဲ့ ပြန်ရင်ဆိုင်ရမှာမို့လို့ ဒီပွဲကို ရင်ဆိုင်ရတာ အတော်လေး ထူးဆန်းတဲ့ ခံစားချက်မျိုး ဖြစ်စေပါတယ်။
ကျွန်တော်ဟာ ဘောလုံးလောကထဲမှာ တစ်သက်လုံး ဖြတ်သန်းလာခဲ့တာပါ။ ဘောလုံးကွင်းထဲ ခြေချလိုက်တာနဲ့ ကျွန်တော့်မှာ မိတ်ဆွေသူငယ်ချင်းဆိုတာ မရှိတော့ပါဘူး။ အဲဒီအချိန်မှာ ကျွန်တော် အနိုင်ပဲ လိုချင်တော့တာပါ။ မနက်ဖြန်ပွဲမှာလည်း ဒီလိုစိတ်ဓာတ်မျိုးနဲ့ပဲ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပွဲပြီးသွားရင်တော့ ကိုရီးယား အမျိုးသမီးကစားသမားတွေအပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ မေတ္တာနဲ့ သံယောဇဉ်က အမြဲတမ်း ပုံမှန်အတိုင်း ရှိနေမှာပါ။ ဒါပေမဲ့ မနက်ဖြန် ရင်ဆိုင်ရမယ့် ပွဲအတွင်းမှာတော့ အပြန်အလှန် ပြိုင်ဘက်တွေဖြစ်ပြီး ကျွန်တော့်အသင်းကိုလည်း ဒီလိုယှဉ်ပြိုင်လိုစိတ်အပြည့်နဲ့ ပွဲထွက်ကစားစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပြိုင်ပွဲအပေါ် ရှုမြင်ပုံနှင့် မျှော်လင့်ချက်
တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရာတွင် မြန်မာအသင်း၏ အခွင့်အရေးနှင့် ပတ်သက်၍လည်း –
“မြန်မာအသင်းဟာ တောင်ကိုရီးယားကို ဘယ်တုန်းကမှ မနိုင်ဖူးသလို သရေတောင် မကျဖူးပါဘူး။ ဒါပေမဲ့ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်ကတော့ မနက်ဖြန်ပွဲမှာ အောင်မြင်မှုရဖို့ အခွင့်အရေး ရှိနေပါတယ်။ ကျွန်တော်တို့ ပြသချင်တာလည်း ဒါပါပဲ။
ကျွန်တော် ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတိုင်းက ကစားသမားတွေကို ပြောလေ့ရှိတာတစ်ခု ရှိပါတယ်။ ပွဲမစခင်မှာ သင့်မှာရှိသမျှ အကုန်ထုတ်သုံးပါ၊ မနက်ဖြန်မှာ ကျွန်တော်တို့ အဲဒါကို လုပ်နိုင်ရင် ရလဒ် ဘာဖြစ်လာမလဲ မသိနိုင်ပါဘူး။ ကစားသမားတွေ ကွင်းထဲက ထွက်လာတဲ့အခါ အရာအားလုံးကို အကုန်ထုတ်သုံးခဲ့တယ်ဆိုရင် ကျွန်တော် ကျေနပ်ပါတယ်။
နောက်တစ်ခုကတော့ ကျွန်တော်ဟာ မကစားရသေးတဲ့ ပွဲတစ်ပွဲကို ဘယ်တုန်းကမှ ရှုံးတယ်လို့ မသတ်မှတ်ပါဘူး။ ပွဲကို အရင်ကစားရမှာဖြစ်ပြီး အဲဒီနောက်မှ ရလဒ်ကို ကြည့်ရမှာပါ။ ကျွန်တော်တို့ အဲဒီလိုပဲ သဘောထားပါတယ်။ အခွင့်အရေး အနည်းငယ်မျှသာ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပေမဲ့ အခွင့်အရေးဆိုတာ အမြဲတမ်း ရှိနေပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
အသင်း၏ ပြင်ဆင်မှုနှင့် လက်ရှိအခြေအနေ
အဓိက ကစားသမားအချို့ ဒဏ်ရာရရှိနေမှုနှင့် အသင်း၏ အနာဂတ်အလားအလာများနှင့် ပတ်သက်၍ –
“ကျွန်တော် မရောက်ခင်ကတည်းက မြန်မာအသင်းရဲ့ အဓိက ကစားသမား လေးယောက်လောက် ဒဏ်ရာရရှိထားတာ ဖြစ်ပါတယ်။ ဒါဟာ စိတ်မကောင်းဖွယ်ရာဖြစ်ပြီး အရေးပါတဲ့ ကစားသမားကောင်းတွေ မပါဝင်နိုင်တာပါ။ သူတို့သာ ပါဝင်နိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမှာ ဖြစ်ပေမဲ့ အခု ရောက်ရှိနေတဲ့ ကစားသမားငယ်တွေဟာလည်း လေ့ကျင့်မှု ကောင်းမွန်စွာ ပြုလုပ်ထားကြပြီး ကစားဖို့ အသင့်ဖြစ်နေကြပါပြီ။
ဒီလို အခြေအနေတွေကို ကျွန်တော်တို့ ပြောင်းလဲလို့ မရတဲ့အတွက် အတူရှိနေတဲ့ ကစားသမားတွေနဲ့ပဲ အကောင်းဆုံး လုပ်ဆောင်သွားရမှာပါ။ ကျွန်တော့်အနေနဲ့ အသင်းကို တာဝန်ယူခဲ့တာ ၄ ပတ်ကျော်ပဲ ရှိသေးသလို ပြိုင်ပွဲမစခင် အချိန်တိုအတွင်းမှာပဲ လူစုံလေ့ကျင့်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ပိုမိုနားလည်အောင် သင်ယူနေရဆဲ ဖြစ်ပါတယ်။
အဓိက ကစားသမားတွေ မပါဝင်နိုင်တာ ဝမ်းနည်းစရာဆိုပေမဲ့ သူတို့ ပြန်လည်သက်သာလာတဲ့အခါ အသင်းရဲ့ စွမ်းဆောင်ရည် ပိုမိုတိုးတက်လာမှာပါ။ လက်ရှိအသင်းမှာလည်း အလားအလာကောင်းတွေ အများကြီးရှိတယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။ ကစားသမားတွေရဲ့ အသက်အရွယ်တွေကို ကြည့်ရင်လည်း တိုးတက်ဖို့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။
ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲကနေ အကောင်းဆုံး အတွေ့အကြုံတွေ ရယူပြီး ရှေ့ဆက်သွားမှာ ဖြစ်ပေမဲ့ အခုအချိန်မှာတော့ မနက်ဖြန် ကစားရမယ့် ပွဲအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။







