Myanmar Women’s League 2026-27 ဘောလုံးရာသီအတွက် ပထမအကြိမ် ကလပ်အသင်းများ ညှိနှိုင်းအစည်းအဝေးကို မေ ၂၉ ရက် (ယနေ့) မွန်းလွှဲ (၁:၀၀) နာရီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၆-၂၇ မြန်မာအမျိုးသမီးလိဂ်ဘောလုံးရာသီကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၅) ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်အထိ (၈) လကြာ ကျင်းပသွားမည်ဖြစ်ပြီး ယမန်နှစ်ဘောလုံးရာသီမှ ကလပ်အသင်း (၈) သင်းနှင့် ယခုနှစ်တွင် အသစ်ပါဝင်လာသည့် ကလပ်အသင်း (၂) သင်း စုစုပေါင်း ကလပ်အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် ဒုတိယဥက္ကဋ္ဌ(၁)နှင့် အမှုဆောင်အရာရှိချုပ် ဦးကိုကိုသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ကာ လိဂ်ပြိုင်ပွဲများ ပိုမိုပြိုင်ဆိုင်မှုပြင်းထန်လာစေရေးနှင့် ပရိသတ်စိတ်ဝင်စားမှု ပိုမိုမြင့်မားလာစေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ဘောလုံးအားကစားနှင့် ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် Capacity Building သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည့် အစီအစဉ်များ၊ ကလပ်အသင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် Subsidy များ တိုးမြှင့်သတ်မှတ်ပေးနိုင်ရေးနှင့် ပြိုင်ဆိုင်မှု ပိုမိုမြင့်မားလာစေရန် Ranking Subsidy စနစ် ကျင့်သုံးသွားမည့် အစီအစဉ်များကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် Myanmar Women’s League ၏ COO ဦးမိုးဝေအောင်က လာမည့်ဘောလုံးရာသီသစ်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များ၊ မီဒီယာနှင့် ထုတ်လွှင့်မှုအစီအစဉ်များ၊ Marketing & Branding လုပ်ငန်းများ၊ အိမ်ကွင်းလက်ခံကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကလပ်အသင်းတာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲကျင်းပရေး၊ ပွဲစဉ်ဇယား၊ အိမ်ကွင်း/အဝေးကွင်း ပွဲစဉ်များ၊ မီဒီယာနှင့် ထုတ်လွှင့်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စျေးကွက်မြှင့်တင်ရေးလုပ်ငန်းများနှင့် အခြားသက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။


















