Myanmar Women’s League 2026-27 first round match schedule announced

June 10, 2026

ပွဲကြည့်ရင်း ဆုလက်ဆောင်တွေ ရယူကြမယ်

June 15, 2026

Latest News

Myanmar Women’s League 2026-27 ပြိုင်ပွဲအကြို Official Partnership Signing Ceremony ကျင်းပ

June 12, 2026

Myanmar Women’s League 2026-27 ဘောလုံးရာသီ မစတင်မီ Official Partnership Signing Ceremony ကို ဇွန်လ (၁၁) ရက်နေ့ နံနက်ပိုင်းက နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဒေါက်တာစိုင်းဆမ်ထွန်း၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်နှင့် MFF Media and Marketing Committee ဥက္ကဋ္ဌ ဒေါက်တာထက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်၊ မြန်မာအမျိုးသမီးလိဂ်မှ တာဝန်ရှိသူများ၊ မြန်မာအမျိုးသမီးလိဂ် Official Partner ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများ၊ ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ နည်းပြချုပ်များ၊ ကစားသမားများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသမီးဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ပံ့ပိုးပေးနေကြသည့် မိတ်ဖက် အဖွဲ့အစည်းများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် Myanmar Women’s League 2026-27 ပြိုင်ပွဲ၏ Official Main Partner အဖြစ် ပံ့ပိုးကူညီပေးသွားမည့် Max Energy မှ Chief Executive Officer ဒေါ်နုနုဝေက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး အမျိုးသမီးဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အကြောင်းများကို ပြောကြားခဲ့သည်။

ဆက်လက်၍ Official Main Partner နှင့် Official Partners များအကြား Partnership Agreement များကို အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပြီး Myanmar Women’s League 2026-27 ဘောလုံးရာသီအတွက် ပူးပေါင်းဆောင်ရွက်မှုများကို အတည်ပြုခဲ့ကြပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

Partner ကုမ္ပဏီများနှင့် လက်တွဲခြင်း

Myanmar Women’s League 2026-27 ရာသီအတွက် Partner ကုမ္ပဏီများနှင့် လက်တွဲခြင်းမှ စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၂၁၅၀၀)နှင့် In-kind တန်ဖိုး ငွေကျပ်သိန်း(၂၃၅၀)ကို လက်ခံရရှိမည် ဖြစ်သည်။ Official Main Partner အဖြစ် Max Energy က ပူးပေါင်းပါဝင် သွားမည်ဖြစ်ပြီး ငွေကျပ် သိန်း(၈၀၀၀) ပံ့ပိုးကူညီသွားမည် ဖြစ်သည်။ ထို့အတူ Official Partners အဖြစ် Shwe Li Yadanar Estate က သိန်း(၅၀၀၀)၊ BYD က သိန်း(၁၅၀၀)၊ AYA Pay၊ Pro1 Global၊ Ocean Supercenter၊ J’Donuts၊ Coral Agri နှင့် Forever Group တို့က ငွေကျပ်သိန်း(၁၀၀၀)စီ၊ HEY Play နှင့် PUMA Energy Drink က ငွေကျပ် သိန်း(၅၀၀)စီ၊ Dong Luc က ငွေကျပ်သိန်း(၁၈၅၀)တန်ဖိုးရှိ FIFA အသိအမှတ်ပြု Match Ball များ၊ Alpine Drinking Water က ငွေကျပ်သိန်း(၅၀၀)နှင့် ညီမျှသော သောက်ရေသန့်များကို အသီးသီးပံ့ပိုး ကူညီသွားမည်ဖြစ်သည်။

ကလပ်အသင်းများအား Subsidy ထောက်ပံ့ပေးခြင်း

Partner ကုမ္ပဏီများထံမှ ရရှိသော ဝင်ငွေများကို ပြိုင်ပွဲဝင်ကလပ်အသင်းများထံ ပြန်လည်မျှဝေ ပေးသွားမည်ဖြစ်ပြီး ယခင်ရာသီများထက် ပိုမိုများပြားသော ငွေကြေးအထောက်အပံ့များ ပေးအပ်သွား မည်ဖြစ်သည်။ ကလပ်အသင်းတစ်သင်းလျှင် အခြေခံထောက်ပံ့ငွေအဖြစ် ငွေကျပ်သိန်း (၅၀၀) ရရှိမည် ဖြစ်ပြီး အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပခြင်းနှင့် ဆက်စပ်သော ကုန်ကျစရိတ်များအတွက်လည်း သီးခြား ထောက်ပံ့မှုများ ရရှိမည်ဖြစ်သည်။ ထို့အပြင် Myanmar Women’s League မှ သတ်မှတ်ထားသော Development Criteria များကို ပြည့်မီအောင် ဆောင်ရွက်နိုင်သော ကလပ်အသင်းများအား Club Development Subsidy အဖြစ် အများဆုံး ငွေကျပ်သိန်း (၂၀၀) အထိ ထပ်မံထောက်ပံ့ ပေးသွားမည် ဖြစ်သည်။ အဆိုပါ ထောက်ပံ့ကြေးကို သတ်မှတ်စံနှုန်းများနှင့် အကဲဖြတ်မှုရလဒ်များအပေါ် အခြေခံ၍ ခွဲဝေပေးအပ် သွားမည်ဖြစ်သည်။

Ranking Subsidy စနစ် စတင်ကျင့်သုံး

ယခုရာသီမှစတင်၍ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာစေရန်နှင့် အသင်းများ၏ စွမ်းဆောင်ရည်မြင့်မား လာစေရန် ရည်ရွယ်၍ Ranking Subsidy စနစ်ကို စတင်ကျင့်သုံးသွားမည် ဖြစ်သည်။ ရာသီကုန် အမှတ် ပေးဇယား ရပ်တည်မှုအလိုက် အသင်းများအား ထောက်ပံ့ငွေများ ခွဲဝေပေးအပ် သွားမည်ဖြစ်ပြီး အမှတ် ပေးချန်ပီယံအသင်းကို ငွေကျပ်သိန်း (၁,၀၀၀)၊ ဒုတိယအသင်းကို ငွေကျပ်သိန်း (၇၀၀)၊ တတိယအသင်း ကို ငွေကျပ်သိန်း (၅၀၀)၊ စတုတ္ထအသင်းကို ငွေကျပ်သိန်း (၃၀၀)၊ ပဉ္စမအသင်းကို ငွေကျပ်သိန်း (၂၀၀)၊ ဆဋ္ဌမ အသင်းကို ငွေကျပ်(၁၇၅)သိန်း၊ သတ္တမအသင်းကို ငွေကျပ်သိန်း (၁၅၀)၊ အဋ္ဌမအသင်းကို ငွေကျပ်(၁၂၅) သိန်း၊ နဝမအသင်းကို ငွေကျပ်သိန်း(၁၀၀)နှင့် အဆင့်(၁၀)အသင်းကို ငွေကျပ်(၇၅)သိန်း အသီးသီး ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ ယင်းအစီအစဉ်များသည် ကလပ်အသင်းများ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ ပရော်ဖက်ရှင်နယ် စံနှုန်းများ မြှင့်တင်ရေးနှင့် မြန်မာ့အမျိုးသမီးဘောလုံး အဆင့်အတန်း တိုးတက် မြင့်မားလာရေး တို့အတွက် အထောက်အကူပြုစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

AYA Pay Player of the Match

ပြိုင်ပွဲဝင်ကစားသမားများ ပွဲစဉ်တစ်ပွဲချင်းစီတွင် အကောင်းဆုံးစွမ်းဆောင်ရည်များ ပြသနိုင်စေရန် နှင့် ပြိုင်ဆိုင်မှုပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ AYA Pay ၏ အဓိကပံ့ပိုးကူညီမှုဖြင့် AYA Pay Player of the Match ဆုကို ချီးမြှင့်သွားမည်ဖြစ်သည်။ ပွဲစဉ်တစ်ပွဲချင်းစီ၏ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ် ခံရသူအား AYA Pay Player of the Match ဆုတံဆိပ်နှင့် AYA Pay ငွေသားဆု ငွေကျပ်(၅)သိန်းကို ချီးမြှင့် ပေးသွားမည်ဖြစ်သည်။

အိမ်ကွင်းလက်ခံကျင်းပခြင်း

ရန်ကုန်ယူနိုက်တက်အသင်းသည် Y.U.S.C ကွင်းတွင် အိမ်ကွင်းပွဲစဉ်များအားလုံးကို လက်ခံ ကျင်းပသွားမည်ဖြစ်ကာ ဧရာဝတီအက်ဖ်စီအနေဖြင့်လည်း ပုသိမ်မြို့တွင် ပထမအကျော့ ပွဲစဉ် (၂) ပွဲနှင့် ဒုတိယအကျော့ ပွဲစဉ် (၂) ပွဲတို့ကို အိမ်ကွင်းပွဲစဉ်များအဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။ ထို့အတူ အမျိုးသမီးကလပ်အသင်း အချို့အနေဖြင့်လည်း အိမ်ကွင်း လက်ခံကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့နှင့် ကလပ် အသင်းများအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။

ရုပ်သံရိုက်ကူးထုတ်လွှင့်ခြင်း

ယခုနှစ်ဘောလုံးရာသီကို ၂၀၂၆ခုနှစ် ဇွန်လ (၁၅) ရက်နေ့မှ ၂၀၂၇ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့အထိ (၈) လကြာ ကျင်းပသွားမည်ဖြစ်ပြီး လိဂ်ပွဲစဉ် ပွဲပေါင်း(၉၀) ပါဝင်မည်ဖြစ်ကာ အဆိုပါ ပွဲစဉ်များအားလုံးကို Forever Group နှင့် ပူးပေါင်း၍ Free-to-air ရုပ်သံလိုင်းများဖြစ်သည့် MRTV-4၊ Channel 7၊ Readers Channel နှင့် Online Streaming အနေဖြင့် Pyone Play Sports Youtube တို့မှ တိုက်ရုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။

မြန်မာအမျိုးသမီးလိဂ်သမိုင်း

Myanmar Women’s League ကို အမျိုးသမီးဘောလုံးအားကစား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် KBZ Bank ၏ အဓိကပံ့ပိုးကူညီမှုဖြင့် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးဘောလုံးကလပ်အသင်း (၉)သင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ Myanmar Women’s League ကို မြန်မာ့အမျိုးသမီးဘောလုံး ဖွံ့ဖြိုး တိုးတက်စေရန်နှင့် အရည်အချင်းပြည့်ဝသော ကစားသမားများ မွေးထုတ် ပေးနိုင်ရန် ရည်ရွယ်၍ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ နှစ်စဉ်ကျင်းပလျက်ရှိသော ပြိုင်ပွဲများမှတစ်ဆင့် အမျိုးသမီး ကစားသမားများအတွက် အဆင့်မြင့် ယှဉ်ပြိုင် ကစားခွင့်များ ဖန်တီးပေးနိုင်ခဲ့ပြီး မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းအတွက် အဓိက ကစားသမား အရင်းအမြစ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် အအောင်မြင်ဆုံးကလပ်များအဖြစ် I.S.P.E အက်ဖ်စီနှင့် မြဝတီ အက်ဖ်စီတို့က အမှတ်ပေးချန်ပီယံဆုဖလား (၃) ကြိမ်စီဖြင့် ရပ်တည်လျက်ရှိပြီး လက်ရှိချန်ပီယံ အသင်းမှာ ဧရာဝတီအက်ဖ်စီအသင်း ဖြစ်သည်။

၂၀၂၆-၂၇ ဘောလုံးရာသီ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူး၍ ၂၀၂၆-၂၇ ဘောလုံး ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၅) ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီတွင် ကလပ်အသင်းသစ် (၂)သင်းဖြစ်သည့် ရတနာပုံအက်ဖ်စီနှင့် ဇွဲကပင် ယူနိုက်တက် အက်ဖ်စီတို့ အပါအဝင် စုစုပေါင်း ကလပ်အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်း၊ ပဒုမ္မာ အားကစားကွင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁)၊ Yangon United Sports Complex (Y.U.S.C)နှင့် ပုသိမ်မြို့ ရှိ ကိုးသိန်းအားကစားကွင်းတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဧရာဝတီအက်ဖ်စီ၊ I.S.P.E အက်ဖ်စီ၊ သစ္စာအားမာန် အက်ဖ်စီ၊ ရန်ကုန် ယူနိုက်တက် အက်ဖ်စီ၊ ရှမ်းယူနိုက်တက်အက်ဖ်စီ၊ Young Lionesses အက်ဖ်စီ၊ မြဝတီအက်ဖ်စီ၊ ရန်ကုန်စီးတီး အက်ဖ်စီ၊ ရတနာပုံအက်ဖ်စီနှင့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Related News